ဝမ်းလျှောခြင်းနှင့် အန်ခြင်း(Diarrhoea and vomiting)

Patient Guide
2025- မတ် 24 by
ဝမ်းလျှောခြင်းနှင့် အန်ခြင်း(Diarrhoea and vomiting)
Zwe Htoo
This page is for educational purposes only. Always consult a healthcare provider for medical concerns.

Written & Reviewed by Clinics Asia Healthcare Team | Learn more about our expert review process.

အကျဥ်းချုပ်

ဝမ်းလျှောခြင်းနှင့် အန်ခြင်းသည် လူကြီး၊ ကလေးနှင့် ကလေးငယ်များတွင် အဖြစ်များပြီး၊ များသောအားဖြင့် အစာအိမ်ပိုးဝင်ခြင်းကြောင့် ဖြစ်ပွားကာ၊ ရက်အနည်းငယ်အတွင်း သက်သာသွားလေ့ရှိပါသည်။

ဝမ်းလျှောခြင်းနှင့် အန်ခြင်းကို အတူတကွ သို့မဟုတ် သီးသန့်ဖြစ်ပါက၊ ကုသရန် အကြံပြုချက်များသည် တူညီပါသည်။

ဖြစ်ရသည့်အကြောင်းရင်းများ

ဝမ်းလျှောခြင်းနှင့် အန်ခြင်း၏ အဖြစ်များသော အကြောင်းရင်းများမှာ:

  • အစာအိမ်ပိုးဝင်ခြင်း၊
  • အစာအဆိပ်သင့်ခြင်း။

ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်သော အခြားအကြောင်းရင်းများ :

  • ဆေးဝါးများ – ဆေးအညွှန်းကို ဖတ်ပြီး ဘေးထွက်ဆိုးကျိုးရှိမရှိ စစ်ဆေးပါ၊
  • အစားအစာမတည့်ခြင်း သို့မဟုတ် အစားအစာဓာတ်မတည့်ခြင်း၊
  • အူလမ်းကြောင်းရောဂါ (IBS)၊
  • စိတ်ဖိစီးမှု၊
  • အူအတက်ရောင်ခြင်း (appendicitis)၊
  • အူရောင်ရောဂါ (inflammatory bowel disease)၊
  • ဂလူတန်ဓာတ်မတည့်ခြင်း (coeliac disease)၊
  • အူအိတ်ရောင်ရောဂါ (diverticular disease)၊
  • တင်ပဆုံပိုင်းတွင် ဓာတ်ရောင်ခြည်ကုသမှုခံယူခြင်း။

အန်ခြင်းကို ဖြစ်စေနိုင်သော အခြားအကြောင်းရင်းများ:

  • ကိုယ်ဝန်ဆောင်ခြင်း၊
  • ခေါင်းတစ်ခြမ်းကိုက်ခြင်း (migraine)၊
  • ကား မူးခြင်း (motion sickness)၊
  • နားအတွင်းပိုင်းပိုးဝင်ခြင်း (labyrinthitis)၊
  • ဆေးဝါးများ – ဆေးအညွှန်းကို ဖတ်ပြီး ဘေးထွက်ဆိုးကျိုးရှိမရှိ စစ်ဆေးပါ၊
  • ရင်ပူခြင်း (reflux) – ကလေးငယ်များတွင် နို့ပြန်အန်ခြင်း၊
  • ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ကဲ့သို့သော အခြားပိုးဝင်ခြင်းများ။ 

ကုသမှု

ဝမ်းလျှောခြင်းနှင့် အန်ခြင်းကို အိမ်တွင် ကုသရန်

ဝမ်းလျှောခြင်းနှင့် အန်ခြင်းကို များသောအားဖြင့် အိမ်တွင် ကုသနိုင်ပါသည်။ အရေးအကြီးဆုံးမှာ ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန် အရည်များများ သောက်ရန်ဖြစ်ပါသည်။

လုပ်သင့်သည်များ:

  • အိမ်တွင် နားပြီး အနားယူပါ၊
  • ရေ သို့မဟုတ် ဖျော်ရည်ကဲ့သို့သော အရည်များများ သောက်ပါ – ပျို့အန်လျှင် နည်းနည်းချင်း သောက်ပါ၊
  • ကလေးငယ်များကို နို့ဆက်တိုက်ပါ – အန်နေပါက၊ နည်းနည်းချင်း ခဏခဏတိုက်ပါ၊
  • ဖော်မြူလာနို့ သို့မဟုတ် အစာစားနေသော ကလေးငယ်များကို နို့တိုက်ချိန်ကြားတွင် ရေအနည်းငယ် တိုက်ပါ၊
  • ဗိုက်ဆာလာပါက အစာစားပါ – အဆီများသော သို့မဟုတ် အစပ်များသော အစားအစာများကို ရှောင်ပါ၊
  • နာကျင်မှုရှိပါက ပါရာစီတမော (paracetamol) သောက်ပါ – ကလေးငယ်များကို မတိုက်မီ ဆေးအညွှန်းကို ဖတ်ပါ။

မလုပ်သင့်သည်များ

  • သစ်သီးဖျော်ရည် သို့မဟုတ် အချိုရည်များ မသောက်ပါနှင့် – ၎င်းတို့သည် ဝမ်းလျှောခြင်းကို ပိုဆိုးစေနိုင်ပါသည်၊
  • ကလေးငယ်များအတွက် နို့မှုန့်ကို ဖျော်ရည်အားနည်းအောင် မလုပ်ပါနှင့် – ပုံမှန်အတိုင်း ဖျော်ပါ၊
  • ၁၂ နှစ်အောက် ကလေးငယ်များကို ဝမ်းလျှောခြင်းကို ရပ်တန့်ရန် ဆေးများ မတိုက်ပါနှင့်၊
  • ၁၆ နှစ်အောက် ကလေးငယ်များကို အက်စပရင် (aspirin) မတိုက်ပါနှင့်။

ဝမ်းလျှောခြင်းနှင့် အန်ခြင်း ဘယ်လောက်ကြာတတ်သလဲ

လူကြီးနှင့် ကလေးများတွင်

  • ဝမ်းလျှောခြင်းသည် ၅ မှ ၇ ရက်အတွင်း ရပ်တန့်လေ့ရှိပါသည်၊
  • အန်ခြင်းသည် ၁ မှ ၂ ရက်အတွင်း ရပ်တန့်လေ့ရှိပါသည်။

ဆေးဝါးပညာရှင် များထံမှ အကူအညီ

အောက်ပါအခြေအနေများတွင် ဆေးဝါးပညာရှင် များထံ ဆွေးနွေးပါ:

  • သင် သို့မဟုတ် သင့်ကလေး (၅ နှစ်အထက်) တွင်  ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများ ဖြစ်သည့် ဆီးအရောင်ရင့်ခြင်း၊ အနံ့ပြင်းခြင်း သို့မဟုတ် ပုံမှန်ထက် ဆီးသွားနည်းခြင်း စသည်တို့ တွေ့ရှိရပါက
  • သင့်သည် အသက်ကြီးသူ၊ ကိုယ်ခံအားနည်းသူ သို့မဟုတ် ရေဓာတ်ခန်းခြောက်နိုင်ခြေမြင့်သော အခြားကျန်းမာရေးပြဿနာများ ရှိပါက၊
  • ဝမ်းလျှောခြင်းကို နာရီအနည်းငယ်ကြာ ရပ်တန့်ရန် လိုအပ်ပါက။

ဆေးဝါးပညာရှင် များသည် အောက်ပါတို့ကို အကြံပြုနိုင်ပါသည် :

  • ရေဓာတ်ဖြည့်ဓာတ်ဆား မှုန့် (oral rehydration powder)၊
  • ဝမ်းလျှောခြင်းကို နာရီအနည်းငယ်ကြာ ရပ်တန့်ရန် ဆေးများ (ဥပမာ - loperamide) (၁၂ နှစ်အောက် ကလေးငယ်များအတွက် မသင့်ပါ)။

ကာကွယ်ရန်အချက်များ

အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း မရှိဘဲ အနည်းဆုံး ၂ ရက်ကြာပြီးမှသာ ကျောင်း သို့မဟုတ် အလုပ်သို့ ပြန်သွားပါ။

အဖျားတက်ခြင်း သို့မဟုတ် ပုံမှန်လှုပ်ရှားမှုများ မလုပ်နိုင်လောက်အောင် မကျန်းမာပါက၊ အိမ်တွင် နားပြီး အခြားသူများနှင့် ထိတွေ့ခြင်းကို ရှောင်ပါ။

ပိုးမပြန့်ပွားစေရန် ကူညီရန် :

  • ဆပ်ပြာနှင့် ရေဖြင့် လက်ကို မကြာခဏဆေးပါ။
  • ဝမ်း သို့မဟုတ် အန်ဖတ်စွန်းထင်းသော အဝတ်အစား သို့မဟုတ် အိပ်ရာခင်းများကို ရေပူဖြင့် သီးသန့်လျှော်ပါ။
  • အိမ်သာခုံ၊ ရေဆွဲခလုတ်၊ ဘုံဘိုင်ခေါင်းများ၊ မျက်နှာပြင်များနှင့် တံခါးလက်ကိုင်များကို နေ့စဉ်သန့်ရှင်းပါ။
  • ဖြစ်နိုင်ပါက၊ အခြားသူများအတွက် အစားအစာများ မပြင်ဆင်ပါနှင့်။
  • တဘက်၊ လက်သုတ်ပဝါ၊ ဇွန်း၊ ခက်ရင်းများကို မျှမသုံးပါနှင့်။
  • လက္ခဏာများ ပျောက်ကင်းပြီး အနည်းဆုံး ၄၈ နာရီကြာမှသာ ရေကူးကန်ကို သုံးပါ။

ဆရာဝန်နှင့်ပြသရန်အချိန်

ဆရာဝန်နှင့်ချက်ချင်း ပြသပါ:

  • ၁၂ လအောက် ကလေးငယ်များအတွက် စိုးရိမ်ပါက၊
  • ကလေးငယ်သည် နို့ဗူး သို့မဟုတ် မိခင်နို့တိုက်ခြင်းကို ရပ်လိုက်ပါက၊
  • ၅ နှစ်အောက် ကလေးငယ်များတွင် ရေဓာတ်ခန်းခြောက်ခြင်း၏ လက္ခဏာများ (ဥပမာ - ဆီးသွားနည်းခြင်း) ရှိပါက၊
  • သင့်တွင် သို့မဟုတ် သင့်ကလေး (၅ နှစ်နှင့်အထက်) တွင် ရေဓာတ်ဖြည့်ဆေးမှုန့် (oral rehydration sachets) အသုံးပြုပြီးနောက် ရေဓာတ်ခန်းခြောက်ခြင်း၏ လက္ခဏာများ ဆက်ရှိနေပါက၊
  • သင့်တွင် သို့မဟုတ် သင့်ကလေးတွင် ဆက်တိုက်အန်ပြီး အရည်များ မထိန်းနိုင်ပါက၊
  • သင့်တွင် သို့မဟုတ် သင့်ကလေးတွင် သွေးဝမ်းသွားခြင်း သို့မဟုတ် စအိုမှ သွေးထွက်ခြင်း ရှိပါက၊
  • သင့်တွင် သို့မဟုတ် သင့်ကလေးတွင် ဝမ်းလျှောခြင်း ၇ ရက်ထက် ပိုကြာပါက သို့မဟုတ် အန်ခြင်း ၂ ရက်ထက် ပိုကြာပါက။

သင့်တွင် သို့မဟုတ် သင့်ကလေးတွင်အောက်ပါ လက္ခ ဏာမျးဖြစ်ပါက လူနာတင်ယာဥ် ခေါ်ပါ (သို့) အရေးပေါ်ဌာနသို့ ချက်ချင်းသွားပါ:

  • သွေးအန်ခြင်း သို့မဟုတ် ကော်ဖီမှုန့်ကဲ့သို့ အန်ဖတ်များ ရှိပါက၊
  • အစိမ်းရောင် အန်ခြင်း (လူကြီးများ)၊
  • အဝါစိမ်း သို့မဟုတ် အစိမ်းရောင် အန်ခြင်း (ကလေးငယ်များ)၊
  • အဆိပ်သင့်နိုင်သော အရာတစ်ခုခုကို မျိုချမိပါက၊
  • လည်ပင်းတောင့်ပြီး အလင်းရောင်ကို ကြည့်လျှင် နာကျင်ခြင်း၊
  • ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
  • ရုတ်တရက် ပြင်းထန်စွာ ဗိုက်အောင့်ခြင်း၊
  • အသား၊ နှုတ်ခမ်း သို့မဟုတ် လျှာသည် ပြာ၊ မီးခိုး၊ ဖြူဖပ်ဖြူရော် သို့မဟုတ် အစက်အပြောက်များ ရှိခြင်း – အသားညိုသူများတွင် လက်ဖဝါး သို့မဟုတ် ခြေဖဝါးတွင် ပိုမြင်နိုင်ပါသည်၊
  • အသက်ရှူရ အလွန်ခက်ခဲခြင်း သို့မဟုတ် မြန်မြန်နှင့် တိုတိုရှူနေခြင်း၊
  • စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော တုံ့ပြန်မှုများ ရှိခြင်း။
အရေးပေါ်ဌာနသို့ ကိုယ်တိုင် ကားမောင်းမသွားပါနှင့်။ အခြားသူတစ်ဦးဦးကို ကားမောင်းခိုင်းပါ သို့မဟုတ် လူနာတင်ယာဉ်ခေါ်ရန် ဖုန်းဆက်ပါ။ သင်သောက်သုံးနေသော ဆေးဝါးများရှိပါက ယူဆောင်သွားပါ။

Our content undergoes a thorough process of research, writing, peer review, and rigorous checks and approvals. It is designed for educational purposes and is freely accessible for individual patients to read and share. For detailed information regarding usage, copyright, and disclaimers, please visit our Terms & Conditions page.

Checked & Approved
Clinical Review Team
Written & Translated
Medical Publishing Team
Last Updated
09 Mar 2025